အခန်း 3
ထာဝရနဂါး တန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 3 ) ချီသန့်စင်ခြင်း
လုမင် ဆေးစွမ်းအင်တွေကို လုံးဝစုပ်ယူပြီချိန်၌ နောက်တစ်နေ့မွန့်တည့်ချိန်ပင် ရောက်တော့မည်ဖြစ်သည်။
သူဟာ တစ်ညလုံး မအိပ်ခဲ့သော်လည်း အိပ်ချင်စိတ်လုံးဝမရှိပါချေ။ယင်းအစား တစ်ကိုယ်လုံး အားအင်ပြည့်ဝနေသည်ဟု ခံစားနေခဲ့ရသည်။
ရိုးတွင်းခြင်ဆီသန့်စင်ဆေးက သူ့ကို လုံးဝပြောင်းလဲသွားစေခဲ့ပါသည်။သူ့ခန္ဓာကိုယ်က သာမန်လူငယ်တွေထက် ပိုသန်မာလာခဲ့ပြီး သွေးကြောတွေ မဖွင့်ရသေးတာတစ်ခုကလွဲရင် အလွန်ဖြတ်လတ် တက်ကြွလာခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ထူထဲသည့်အညစ်အကြေးအလွှာတစ်ခုက ဖုံးလွှမ်းနေ၏။ယင်းက သူ့ကိုအလွန်မင်း မသက်မသာခံစားရစေပါသည်။
အတွေးတစ်ချက်နှင့် လုမင် သူ့အခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။
အခန်းတံခါးဖွင့်လိုက်ပြီးနောက် မည်သူ့ကိုမှမတွေ့ရပါချေ။လီပင်းနှင့် ချင်ယွဲ့ဟာ ဈေးဝယ်ဖို့ထွက်သွားကြသည်ဟု သူထင်သည်။
လုမင် ခြံဝင်းထဲရှိ ရေကန်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးတွေကို ဆေးကြောသုတ်သင်ပစ်လိုက်သည်။ အဝတ်အစားလဲလိုက်ပြိးနောက် အတော်ကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။
ထိုစဉ်မှာပင် လီပင်းနှင့် ချင်ယွဲ့ အပြင်မှပြန်လာခဲ့ကြသည်။လုမင်၏ အသွင်ကို မြင်ပြီးနောက် လီပင်းရော ချင်ယွဲ့ပါ အံ့အားသင့်သွားတော့သည်။
လက်ရှိ လုမင်ဟာ အားအင်တွေပြည့်ဝနေပြီး အရင်က အားနည်းနေသော လုမင်နှင့် လားလားမှမတူပေ။ယင်းက ထိုလူနှစ်ဦးကို အလွန်အံ့အားသင့်စေ၏။
"မင်အာ... မင်းဒဏ်ရာတွေ သာသာလာပြီလား"
လီပင်း လုမင်ကို ဂရုတစိုက်ကြည့်ပြီး မေးလိုက်သည်။
"ဟုတ်တယ် သခင်လေး... ရှင့်ကိုကြည့်ရတာ အရင်နဲ့ မတူတော့သလိုပဲ"
ချင်ယွဲ့ကလည်း လုမင်ကို သေချာကြည့်ကာ မေးသည်။
လုမင် ပြုံးရွှင်စွာနှင့် ပြောလိုက်သည်။
"ကျွန်တော်လည်း သေချာမသိဘူးအမေ... ဒဏ်ရာရပြီးနောက် မနေ့ညက "ချီ"ပညာရပ်ကို ကျင့်ကြံလိုက်တယ်လေ... မမျှော်လင့်ပဲ အစစ်အမှန်ချီကို ကျင့်ကြံနိုင်ခဲ့လို့ ပိုကောင်းလာတယ်ထင်တာပဲ"
"ဘာရယ်... မင်အာ... မင်း အစစ်အမှန်ချီကို ကျင့်ကြံနိုင်တာလား"
လီပင်း ဒါကိုကြားပြီးနောက် ဝမ်းသာပီတိဖြစ်ပြီး မျက်ရည်များစီးကျလာတော့သည်။
လုမင် လီပင်းကို ပါရာဂွန်ဘုရားကျောင်းနှင့် နတ်ဘုရားအဆင့်သိုင်းပညာရပ် အကြောင်းကိုတော့ ပြောမပြလိုက်ပါချေ။ထိုသတင်းသာ ပျံ့နှံ့သွားခဲ့လျှင် ကပ်ဘေးကြီးတစ်ခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားနိုင်သောကြောင့်ပင်။
အလားတူပင် ရိုးတွင်းခြင်ဆီ သန့်စင်ဆေး၏ အကြောင်းကိုလည်း ပြောပြလို့မဖြစ်နိုင်သေးပေ။လီပင်းတို့ အလွန်အံ့အားသင့်ပြီး မယုံမကြည်ဖြစ်လာနိုင်ပေသည်။
ယင်းကြောင့် အစစ်အမှန်ချီကိုသာ လွှဲချလိုက်တော့သည်။
" ကောင်းတယ် မင်အာ… သိပ်ကောင်းတယ်"
လီပင်း အလွန်စိတ်လှုပ်ရှားနေခဲ့ပါသည်။
ယင်းက အစစ်အမှန်ချီကို ကျင့်ကြံနိုင်ခြင်းသာဖြစ်ပြီး သာမန်သိုင်းသမားတစ်ဦးပင် မဖြစ်နိုင်သေးပေ။ သွေးသိုင်းပညာရှင်တွေနှင့် နှိုင်းယှဉ်ဖို့ဆိုပါက အဝေးကြီးမှာသာ ရှိသေး၏။မည်သို့ပင်ဆိုစေကာမူ လုမင်အတွက် ပျော်ရွှင်နေကြဆဲပင်။
"သခင်လေးက ဒါဆို အနာဂါတ်မှာ ကိုယ်ချစ်ရသူတွေကို ကာကွယ်နိုင်လာတော့မှာပေါ့နော်"
ချင်ယွဲ့လည်း အလွန်ပျော်ရွှင်နေခဲ့ပါသည်။
ထို့နောက် လီပင်းနှင့် ချင်ယွဲ့က အစားသောက်တွေချက်ပြုတ်ဖို့ ထွက်သွားပြီး မကြာခင်မှာပင် မွှေးပျံ့သည့် ရနံ့တွေ ထွက်ပေါ်လာခဲ့တော့သည်။
ယင်းနောက် သုံးယောက်သား ပျော်ရွှင်စွာ စားသောက်လိုက်ကြသည်။
အစားသောက်တွေက အလွန်ရိုးရှင်းပါ၏။ အသားနည်းနည်းနှင့် ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ထားခြင်းပင်။
"မင်အာ... မင်းရဲ့ဒဏ်ရာတွေက အကုန်ပြန်ကောင်းသေးတာမဟုပ်ဘူး... အသားများများလေးစားနော်"
လီပင်း လုမင်၏ ပန်းကန်ထဲသို့ အသားတွေ ခပ်ထည့်ပေးလိုက်ပါသည်။
"အမေနဲ့ ချင်ယွဲ့လည်း စားကြလေ"
လုမင် ပြောလိုက်သည်။
လုမင်၏အဖေ လုယွင်ထျန်း ဆုံးပါးသွားသည်ဆိုသော သတင်းထွက်လာပြီး လွန်ခဲ့သည့်ခြောက်နှစ်မှစ၍ သူတို့၏ အခြေအနေတွေဟာ ပိုဆိုးရွားလာခဲ့ပါသည်။မိသားစုမှ ငွေကြေးအနည်းငယ်သာ ပေးတော့သဖြင့် အလွန်နည်းပါးသည့် အသားကိုသာ စားရသည်။
ရံဖန်ရံခါ အသားများများရလျှင်တောင် လီပင်းနှင့် ချင်ယွဲ့က လျှော့စား၍ လုမင်ကို ပိုကြွေးမွေးခဲ့သည်။ချင်ယွဲ့ဆိုရင် အဟာရမလုံလောက်သောကြောင့် ပိန်ပိန်လေးဖြစ်နေပါ၏။
သိုင်းပညာရှင်တစ်ဦးဟာ ကျင့်ကြံသည့်နေရာတွင် စွမ်းအင်အမြောက်အမြားလိုအပ်ပြီး အစားအသောက်ကလည်း အဓိကလိုအပ်သည်။
လုမိသားစု၏ သွေးကြောဖွင့်ခြင်းအဆင့် သိုင်းပညာရှင်တွေဟာ သာမန်သားရဲတွေ၏ အသားကိုပင်မစားပဲ နတ်ဆိုးသားရဲတွေ၏ အသားကို စားသောက်ကြရသည်။
ပင်ကိုယ်ပါရမီ ကောင်းမွန်သူတွေဆိုလျှင် နတ်ဆိုးသားရဲအသားသာမက နတ်ဆိုးသားရဲသွေး၊အရိုး၊ အမျိုးမျိုးသော အဖိုးတန် ဆေးပင်တွေနှင့် ပြုလုပ်ထားသည့် ကျားနဂါးဆေးလုံးတွေကိုပင် နေ့စဉ် သောက်သုံးကြရသည်။
ကျားနဂါးဆေးလုံးတွင် သန်မာသည့် စွမ်းအင်တွေပါဝင်နေပြီး သိုင်းပညာရှင်၏ အရိုး၊အသား၊ကိုယ်တွင်းအင်္ဂါတွေကို အားဖြည့်ပေးနိုင်ရုံသာမက အစစ်အမှန်ချီအဖြစ်ပြောင်းလဲပြီး ကျင့်ကြံခြင်းတွင် အထောက်အကူပြုပေးနိုင်သည်။
လုမင်အတွက်ကတော့ သာမန်အသားပင် လုံလောက်မှုမရှိပါချေ။
"မင်အာ... မင်းက အစစ်အမှန်ချီကို လေ့ကျင့်နိုင်နေပြီ… ဒီအသားတွေက မင်းအတွက် လုံလောက်ဖို့အဝေးကြီးမှာပဲ... အမေ့မှာ ကျားနဂါးဆေးလုံးရှစ်လုံးရှ်ိတယ်လေ... သားယူပြီး လေ့ကျင့်လိုက်ပါ"
လီပင်း ပုလင်းလေးတစ်လုံးကို ဂရုတစိုက်ထုတ်ယူပြီး လုမင်ကို ပေးလိုက်သည်။
လုမင်အလွန် အံ့အားသင့်သွား၏။လီပင်းဟာ ကျားနဂါးဆေးလုံးရှစ်လုံးကို ထုတ်ပေးနိုင်မည်ဟု သူမထင်ထားခဲ့ပါချေ။သူစိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
"အမေ... ကျားနဂါးဆေးလုံးတစ်လုံးကို ငွေတေးတစ်ရာတန်တယ်နော်... အမေ ငွေတွေဘယ်ကရလာတာလဲ?"
"အမေ့မှာ နည်းလမ်းရှိတာပေါ့ကွယ်... ဒါက မင်းနဲ့သင့်တော်တာမို့ အမေဝယ်လာခဲ့တာ… ဒါနဲ့ဆိုရင် မင်း အစစ်အမှန်ချီကို ကောင်းကောင်းလေ့ကျင့်လို့ရပြီမဟုပ်လား"
လီပင်း ရယ်မောလိုက်သည်။
"သခင်လေး... သခင်မကြီးက ကျားနဂါးဆေးလုံးရှစ်လုံးရဖို့ နဂါးနဲ့ဖီးနစ်လက်ကောက်ကို ရောင်းခဲ့ရတာ"
ချင်ယွဲ့ ရုတ်တရက်ဝင်ပြောလိုက်သည်။
"ချင်ယွဲ့!"
လီပင်း ချင်ယွဲ့ကို ဝင်ပြောပြလိုက်သည့်အတွက် အပြစ်တင်ဟန်နှင့် ခပ်တိုးတိုး ခေါ်လိုက်ပြီး လုမင်ကို လှည့်ပြောလိုက်သည်။
"မင်အာ... သား အေးအေးဆေးဆေးသာ ကျင့်ကြံပါ... မင်းသာ အစစ်အမှန်ချီကို လေ့ကျင့်နိုင်ခဲ့ရင် နဂါးနဲ့ဖီးနစ်လက်ကောက်ကို ရောင်းလိုက်ရတော့ရော ဘာဖြစ်လဲ?"
"အမေ…"
လုမင် ကျားနဂါးဆေးပုလင်းကိုယူလိုက်ပြီး အနည်းငယ်နာကျင်သွားခဲ့သည်။
နဂါးနဲ့ဖီးနစ်လက်ကောက်ဟာ လုယွင်ထျန်းက လီပင်းကို ချစ်ခြင်းသင်္ကေတအဖြစ် ပေးအပ်ခဲ့သည့်အရာပင်။ ထိုပစ္စည်းကို လီပင်း ဘယ်လောက်တောင်သဘောကျတယ်ဆိုတာ သူသိသည်။လက်ရှိအချိန်မှာတော့ သူ့အတွက် နဂါးနဲ့ဖီးနစ်လက်ကောက်ကို ရောင်းထုတ်လိုက်ချေပြီ။
"အမေမစိုးရိမ်ပါနဲ့... ကျွန်တော်ပိုပြီးသန်မာလာစေရမယ်… အမေ့ကို ကာကွယ်ပြီး ဘယ်သူကမှ အမေ့ကိုမပစ်မှားနိုင်စေရဘူး"
လုမင် နှလုံးသားထဲမှ လျို့ဝှတ်စွာ ကျိန်ဆိုလိုက်တော့သည်။
စားသောက်ပြီးနောက် လုမင် သူ့အခန်းထဲမှတစ်ဆင့် ကျားနဂါးဆေးလုံးကိုယူကာ ပါရဂွန်ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
လုမင် ပါရဂွန်ဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီးနောက် လှေကားကိုးဆယ့်ကိုးခုနှင့် ဒုတိယလျှောက်လမ်းကို လှမ်းမျှော်ကြည့်လိုက်သည်။
ဒုတိယလျှောက်လမ်းတွင် နောက်ထပ်သေတ္တာတစ်လုံးရှိနေသေးသည်မဟုပ်ပါလော။
ပထမရှောက်လမ်းရှိ သေတ္တာမှ "နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ" ပညာရပ်" ၊ "မီးနဂါးလက်သီး" ၊ "မြွေနဂါးခြေလှမ်း" နှင့် "ရိုးတွင်းခြင်ဆီသန့်စင်ဆေး"ကို ရလာခဲ့သည်လေ။
ဒုတိယအလွှာတွင်ရော မည်သည့်အရာမျိုး ရှိနေလိမ့်မည်နည်း?
သို့ပေမယ့် လှေကားကိုးဆယ့်ကိုးခုကို တက်၍ ဒုတိယလျှောက်လမ်းကို မတက်ရောက်နိုင်ခဲ့ပါချေ။မမြင်ရသည့် အင်အားတစ်ခုဟာ သူ့ကို တားဆီးထားခဲ့ပါသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းက မလုံလောက်သေးဘူးနဲ့တူပါတယ်"
လုမင်လည်း ရွေးချယ်စရာမရှိတာမို့ ပြန်လှည့်လာလိုက်တော့သည်။
ထို့နောက် ခြေနှစ်ဖက်ချိတ်ထိုင်ကာ ကျားနဂါးဆေးတစ်လုံးကို စားသောက်၍ စတင်ကျင့်ကြံလိုက်ပါသည်။
လုမင် ကျားနဂါးဆေးလုံးကို မြိုချပြီးနောက် သူ့ကျောရိုးမှ ပူလောင်လာခဲ့၍ မမြင်ရသည့် ဆွဲအားတစ်ခုထွက်ပေါ်လာတော့သည်။ယင်းက ကျားနဂါးဆေးလုံး၏ အကျိုးသက်ရောက်မှု ဆေးစွမ်းအင်အားလုံးကို စုပ်ယူသွားတော့သည်။ယင်းနောက် ကျောရိုးမှ သန့်စင်သည့်စွမ်းအင်များ ပြန်စီးထွက်လာခဲ့ပါသည်။
"မြန်လှချေလား"
လုမင် အလွန်အံ့အားသင့်သွားခဲ့သည်။
သာမန်လူများအတွက်မူ ကျားနဂါးဆေးလုံးတစ်လုံး၏ ဆေးအာနိသင်ကုန်ဆုံးဖို့ တစ်နေကုန်စုပ်ယူဖို့ လိုအပ်သည်။သို့သော် သူကတော့ ခနတွင်းမှာပင် စုပ်ယူပစ်လိုက်သည်။
ယင်းက သူ၏ အပြည့်အဝမနိုးထသေးသည့် သွေးကြောကြောင့်သာ ဖြစ်ရပေလိမ့်မည်။
အပြည့်အဝ မထိုးရသေးသော သွေးကြောကပင် အလွန်အံ့ဩစရာကောင်းနေချေပြီ။မိုးနဲ့မြေ၏ သဘာဝစွမ်းအင်ကို စုပ်ယူသန့်စင်နှုန်းမှာလည်း ဒုတိယအဆင့် သွေးကြောနှင့်ပင် ညီမျှနေသေးတော့သည်။ယင်းအပြင် ဆေးလုံးတွေကိုလည်း မြန်ဆန်စွာ သန့်စင်နိုင်သည့် အကျိုးသက်ရောက်မှုလည်းရှ်ိသေးသည်။
"ကောင်းပြီလေ… သွေးကြောတွေကို ဆက်ပြီး တိုက်ခိုက်ဖို့ အချိန်တန်ပြီ"
လုမင် သူ့စိတ်ကို ငြိမ်သက်စေပြီးနောက် 'နဂါးတိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်'ကိုသုံး၍ ပထမ သွေးကြောကို စတင်တိုက်ခိုက်လိုက်သည်။
စွမ်းအင်တွေကို ထိန်းချုပ်ရင်း လုမင် ပထမသွေးကြောဆီကို ပို့လွှတ်လိုက်ပါသည်။
ဒုန်း! ဒုန်း !
လုမင်၏ ခန္ဓာကိုယ်ထဲတွင် တဝုန်းဝုန်းမြည်သံတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့သည်။
စွမ်းအင် မလုံလောက်တာနှင့် လုမင် ကျားနဂါးဆေးလုံးကို ချက်ချင်းဝါးမြိုလိုက်ပါသည်။
ဤသို့ဖြင့် ညနေခင်းအရောက်မှာတော့ ကျားနဂါးဆေးလုံး ရှစ်လုံးခန့် လုမင် အသုံးပြုခဲ့ပြီး လူသားသွေးကြောသုံးခုကို ဖွင့်လှစ်နိုင်ခဲ့သည်။
တင်းမိန်အဆင့်ကို အစောပိုင်းအဆင့်၊အလယ်ပိုင်းအဆင့်နှင့် နှောင်းပိုင်းအဆင့်ဟူ၍ ခွဲခြားထားသည်။
သွေးကြောသုံးခု ဖွင့်လှစ်ခြင်းသည် အစောပိုင်းအဆင့်ဖြစ်၍ သွေးကြောလေးခုမြောက်မှ ခြောက်ခုမြောက်ကိုတော့ အလယ်အလတ်အဆင့်ဟု ခေါ်သည်။
သွေးကြောဖွင့်ခြင်းဟာ သိုင်းသမားတစ်ဦးအတွက် အလွယ်ကူဆုံးအခြေခံတစ်ခုဖြစ်သည်။
ဟုတ်၏။လွယ်ကူသည် ဆိုရာတွင် တစ်ဦးနှင့်တစ်ဦး မတူညီကြပါချေ။ပုံမှန်သွေးကြောကို ပိုင်ဆိုင်ထားသူ သိုင်းပညာရှင်အနေနှင့် အနည်းဆုံးတစ်လ၊ အကြာဆုံး တစ်နှစ်အတွင်းမှာပင် သွေးကြောကိုးခုလုံးကို ဖွင့်လှစ်နိုင်ကြပါသည်။
သို့သော် သာမန်သိုင်းပညာရှင်များအတွက် ယင်းက အလွန်ခက်ခဲသည်။အချို့လူများဆိုလျှင် သူတို့၏ ဘဝတစ်လျှောက်လုံး သွေးကြောကိုးခုကို အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ကြပါချေ။
သို့သော် လုမင်ကတော့ သွေးကြောသုံးခုကို တစ်ညနေထဲနှင့် ဖွင့်လှစ်နိုင်ခဲ့သည်။ယင်းက အလွန်ရှားပါးသည့်ကိစ္စဖြစ်၍ အခြားသူတွေသိရင် အုတ်အော်သောင်းနင်းဖြစ်ကြပေလိမ့်မည်။
ဒီလိုဖြစ်ရတာက "နဂါး တိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီ ပညာရပ်"နှင့် ထူးခြားစွာ အပြည့်အဝမနိုးထသေးသော သူ၏ သွေးကြောကြောင့်ပင်။
အစစ်အမှန်နဂါး တိုက်ခိုက်ရေးပညာရပ်က နတ်ဘုရားအဆင့် ကျင့်ကြံခြင်းပညာရပ်ပင်မဟုပ်ပါလော။မနိုးထသေးသည့် သွေးကြောကလည်း ဆေးလုံးတွေကို မြန်ဆန်စွာသန့်စင်ပြီး စုပ်ယူနိုင်စွမ်းကို ပေးခဲ့ပါသေးသည်။
သွေးကြောသုံးခုအတွင်းမှာ စီးဆင်းနေသည့် အစစ်အမှန်ချီကို ခံစားကြည့်ရင်း လုမင်၏ တိုက်ခိုက်ချင်စိတ်တွေ တိုးတက်လာတော့သည်။
ညစာ ထွက်စားပြီးတာနှင့် လုမင် ပါရဂွန်ဘုရားကျောင်းထဲသို့ ချက်ချင်းပြန်ဝင်ကာ ကျင့်ကြံလိုက်ပါသည်။
ယခု သူက "မီးနဂါးလက်သီး'သိုင်းကို လေ့ကျင့်ဖို့ စိတ်ကူးထားသည်။
သိုင်းပညာသည် လူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်တွေနှင့် ပေါင်းစပ်ကာတိုက်ခိုက်ဖို့နည်းလမ်းဖြစ်သည်။
မတူညီတဲ့ သိုင်းပညာရပ်တွေအတွက် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်ကို မတူညီတဲ့နည်းလမ်းတွေနဲ့ လှည့်ပတ်စီးဆင်းနိုင်ဖို့လိုသည်။ထို့ကြောင့် သိုင်းပညာတွေရဲ့ အကျိုးသက်ရောက်မှုက မတူသလို လှုပ်ရှားဟန်ခြင်းလည်း မတူကြပေ။
ယင်းအတွက် ချီစွမ်းအင်တွေကို ထိန်းချုပ်နိုင်စွမ်းက အလွန်အရေးပါသည်။၊ထိုသို့ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စွမ်းမရှိရင် ဘယ်လိုသိုင်းပညာရပ်ကိုမဆို ပြီးပြည့်စုံအောင်လေ့ကျင့်နိုင်ဖို့ ခက်ခဲနေလိမ့်မည်။
လုမင် ကျင့်ကြံဖို့အတွက် နေရာယူလိုက်သည်။
နန်းတော်အထက်မှ ထွက်ပေါ်လာနေသောအသံများသည် လုမင်ရဲ့စိတ်ကို ကြည်လင်စေပါသည်။ထို့အပြင် မီးနဂါးလက်သီးနှင့်ပတ်သတ်ပြီး ညဏ်အလင်းတွေကိုလည်း ဖြစ်ပေါ်လာစေသည်။
ချီစွမ်းအင်တွေက လှည့်ပတ်သွားပြီး ခြေထောက်ရှိ ကြွက်သားနှင့်အရိုးတွေဆီ စီးဝင်သွားခဲ့သည်။
"ဟိတ်"
လုမင် ခပ်တိုးတိုးမာန်သွင်းရင်း သူ့ခြေထောက်ကို အရှေ့တိုးလိုက်သည်။သန့်စင်တဲ့စွမ်းအားတွေက နဂါးတစ်ကောင်လို သူ့ကျောရိုးမှတစ်ဆင့် သူ့လက်ဆီကို စီးဝင်သွားခဲ့သည်။
"ဝုန်း"
လုမင် လက်သီးချက် ထုတ်ဖော်လိုက်တာနှင့် လေထဲမှာ ဝုန်းခနဲပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာတော့သည်။
"ကနဦးနားလည်မှု!"
လုမင်ရဲ့မျက်လုံးတွေ အံ့အားသင့်စွာနှင့် ဝိုင်းစက်ပြူးကျယ်သွားသည်။
သိုင်းပညာတွေကို လေ့ကျင့်မှုအပေါ်မူတည်၍ အဆင့်ခြောက်ဆင့်ခွဲထားသည်။
ကနဦးနားလည်မှု၊ သေးငယ်သောအောင်မြင်မှု၊ ကြီးမားသောအောင်မြင်မှု၊ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခြင်း၊ အဓိကပြည့်စုံခြင်း၊ သိုင်းပေါင်းစုံခြင်းဟူ၏။
ထိုအဆင့်ခြောက်ဆင့်ဟာ တိုးတက်ဖို့ခက်ခဲပြီး သိုင်းပညာအဆင့်မြင့်လေ ကျင့်ကြံရပိုခက်ခဲလေဖြစ်သည်။
လုမင်ကတော့ "မီးနဂါးလက်သီး"ကို ပထမဆုံးအကြိမ် ကျင့်ကြံရင်းနှင့်ပင် ကနဦးနားလည်မှုအဆင့်သို့ ရောက်သွားခဲ့လေပြီ။
ယင်းက အဝါရောင်အဆင့်နိမ့်သိုင်းပညာတစ်ခုဖြစ်သည်။သာမန်လူတစ်ဦးအတွက်မူ အခြေခံသဘောတရားတွေ နားလည်ဖို့ပင် လအနည်းငယ်ကြာနိုင်သည်။
"နန်းတော်ထိပ်က ထွက်ပေါ်နေတဲ့အသံတွေက ငါ့ရဲ့ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေနိုင်တာလား"
လုမင် လှေကားတွေကိုကျော်ကာ နန်းတော်ထိပ်ကိုလှမ်းကြည့်ရင်း တွေးလိုက်မိသည်။
လုမင် လက်ရှိတွင် သူဒီလောက်မြန်ဆန်စွာ ကျင့်ကြံနိုင်တာ နန်းတော်မှအသံတွေကြောင့်ဟု ဆိုနိုင်ပေမယ့် သူ့ရဲ့ပါရမီကလည်း အားနည်းနေတယ်လို့တော့ သူမထင်ပေ။မည်သို့ဆိုစေ ယခု အံ့ဩဖွယ်ရလဒ်တွေကြောင့် သူပိုပြီးကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။
နောက်ထပ်သွေးကြောတွေ ဖွင့်ရာမှာတော့ ကျားနဂါးဆေးလုံးတွေမရှိတော့ပြီမို့ အတော်နှေးကွေးသွားရပါသည်။
သို့သော် သုံးရက်ကြာပြီးနောက် စတုတ္တမြောက်သွေးကြောကို ဖွင့်နိုင်ခဲ့ပြီး တင်းမိန်အလယ်အလတ်အဆင့်သို့ ဝင်ရောက်သွားတော့သည်။
"မီးနဂါးလက်သီး"ကိုတော့ ဒုတိအဆင့်ဖြစ်သည့် သေးငယ်သောအောင်မြင်မှုအဆင့်အထိ သူကျင့်ကြံနိုင်ခဲ့ပါသည်။
သို့သော် သုံးရက်ကြာသွားသည့်တိုင် သူ့သွေးကြောက အပြည့်အဝနိုးထမလာသေးပါချေ။
လုမင် ပြုံးရွှင်စွာနှင့် ပါရာဂွန်ဘုရားကျောင်းအတွင်းမှ ပြန်ထွက်လာလိုက်သည်။အခန်းအပြင်သို့ လှမ်းထွက်လိုက်တာနှင့် နီရဲနေသောမျက်လုံးတွေနှင့် ချင်ယွဲ့ကို မြင်လိုက်ရတော့သည်။
ချင်ယွဲ့က သူ့ကိုတွေ့တာနှင့် ချက်ချင်းငိုယိုပြောဆိုလိုက်သည်။
"သခင်လေး… သခင်မကြီးကိုပြန်ခေါ်ပေးပါဦး… သူ လီမိသားစုအရှေ့မှာ ဒူးထောက်နေတာ နာရီအတော်ကြာနေပါပြီ"
"ဘာ? ဘာဖြစ်တာလဲ? အမြန်သွားရအောင်"
လုမင် ချင်ယွဲ့ကိုဆွဲခေါ်ပြီး အမြန်ပြေးထွက်လာခဲ့သည်။
ပြေးရင်း ချင်ယွဲ့က အဖြစ်ပျက်တွေကို ပြောပြခဲ့ပါသည်။
လုမင် ကျင့်ကြံနိုင်တယ်ဆိုတာ သိရတာနဲ့ လီပင်းက အလွန်ပျော်ရွှင်သွားခဲ့လေသည်။
သို့သော် သိုင်းသမားတစ်ယောက်အတွက် သိုင်းကျမ်းနှင့် သိုင်းကျင့်စဉ်တွေလိုအပ်သည်။ ထို့ကြောင့် လီပင်းက လုမိသားစု သိုင်းကျမ်းဆောင်ကို လုမင်အတွက် သိုင်းကျင့်စဉ်နှင့် သိုင်းပညာရပ်အချို့ငှားဖို့ သွားခဲ့သည်။သို့သော် သိုင်းကျမ်းဆောင်အစောင့်အရှောက် မဟာအကြီးအကဲက လုမင်ကိုအမှိုက်အဖြစ်သတ်မှတ်ထားကာ လီပင်းကို ဘာကျင့်စဉ်မှမပေးခဲ့ပါချေ။
လီပင်းလည်း လုချွမ်နှင့် မဟာအကြီးအကဲတို့ကို ဒူးထောက်ကာ တောင်းပန်ခဲ့သေးသည်။သို့ပေမယ့် သူတို့က အသုံးမဝင်တဲ့သိုင်းကျင့်စဉ်တစ်ခုတောင် မပေးခဲ့ကြပါချေ။
ယင်းကြောင့် လီပင်းလည်း သိုင်းကျမ်းနှင့် သိုင်းကျင့်စဉ်ရဖို့ မျှော်လင့်ချက်ထားကာ လီမိသားစုကို ပြန်သွားတော့သည်။
လီပင်းရဲ့အကိုဟာ လီမိသားစုမှဖြစ်ပြီး လုမင်ရဲ့ ဦးလေးတော်စပ်သည်။
သို့သော် လုမင်ရဲ့ဦးလေးက လုမင်ဟာ လုမိသားစုဝင်မို့ သိုင်းကျင့်စဉ်နှင့် သိုင်းကျမ်းတွေငှားယမ်းဖို့မသင့်ဟုဆိုကာ ငြင်းပယ်လိုက်သည်။
လီပင်းလည်း ဘာလုပ်ရမှန်းမသိတော့ပါချေ။ယင်းကြောင့် လီမိသားစုမှာ သိုင်းကျမ်းတစ်အုပ်ရဖို့ မျှော်လင့်ချက်ဖြင့် ဒူးထောက်နေလိုက်တော့သည်။
"သေစမ်း!"
လုမင်ရဲ့နှလုံးသားထဲက ဟိန်းဟောက်လိုက်သည်။သူ့ရင်ထဲမှာတော့ ဒေါသတွေသာ ပြည့်နှက်နေတော့သည်။
--------
အပိုင်း ( 4 ) နတ်ဆိုးသားရဲတောင်တန်း
Comments
Post a Comment